Tuesday, December 17, 2013

တညင်းသီးစားခြင်းကြောင့် ရနိုင်သော ကောင်းကျိုး၊ ဆိုးကျိုးများ

တညင်းသီးမှာ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ကောင်း ကျိုးတွေ ပါဝင်ပါတယ်။ လေ့လာမှုအမျိုးမျိုးအရ တညင်းသီး မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဖော့စ်ဖရပ်စ်၊ ကယ်လ်စီယမ်၊ အယ်လ်ကာလွိုက်၊ မရှိမဖြစ်အဆီ၊ စတီးရွိုက်၊ ဂလိုင်ကောဆိုက်၊ တန်နင်ဓာတ်နဲ့ ဆာပိုနင်ဓာတ်တို့ ပါဝင်ကြောင်း သိရပါတယ်။ ဒါပေမဲ့ တညင်း သီး စားတာကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုးတွေလည်း ရှိနေပါ တယ်။ တချို့ကလည်း ဆိုးကျိုးလျော့နည်းစေဖို့ တညင်းသီး မှာပါတဲ့ အဆန်မျှင်လေးကို ဖယ်ထုတ်ပြီး စားပါလို့ ဆိုကြပါ တယ်။



○ တညင်းသီး၏ ကောင်းကျိုးများ ○

ဗီတာမင်စီ ပါဝင်ခြင်း

တညင်းသီး ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၈ဝ မီလီဂရမ်ပါဝင်ပါတယ်။ ပရိုတင်းဓာတ် ပါဝင်ခြင်းတညင်းသီးက ပရိုတင်းဓာတ်များစွာ ပါဝင်တဲ့အသီးပါ။ တညင်းသီး ၁ဝဝ ဂရမ်မှာ ပရိုတင်း ၂၃ ဒသမ ၃ ဂရမ်ပါဝင်ပါတယ်။ ပရိုတင်းဓာတ်ဟာ အင်ဇိုင်း၊ ဟော်မုန်းနဲ့ လူ့ကိုယ်ခံစွမ်းအားစနစ်လုပ်ငန်းဆောင်တာကို တည်ဆောက်ပေး ပါတယ်။

သံဓာတ် ပါဝင်ခြင်း

တညင်းသီး ၁ဝဝ ဂရမ်မှာ သံဓာတ်၎ ဒသ ၇ ဂရမ် ပါဝင်ပါတယ်။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်း
ရောဂါဖြစ်နိုင်ပါတယ်။ သံဓာတ်ချို့တဲ့ရာက ဖြစ်တဲ့သွေးအားနည်းရောဂါခံစားနေရသူတွေရဲ့ လက္ခဏာတွေ ကတော့ နုံးချည့်တာ၊ အားနည်းတာ၊ ဖျော့တော့တာ၊ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းတာ၊ ကူးစက်ပိုးဝင်လွယ်တာတို့ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေ၊
နို့တိုက်မိခင်တွေနဲ့ သက်သတ်လွတ်စားသူတွေက သံဓာတ်ချို့တဲ့မှု အဖြစ်များတတ်ပါတယ်။

ကယ်လ်စီယမ် ပါဝင်ခြင်း

တညင်းသီး ၁ဝဝ ဂရမ်မှာ ကယ်လ်စီယမ် ၁၄ဝ မီလီဂရမ်ပါဝင်ပါတယ်။ ကယ်လ်စီယမ်ဟာ အရိုးတွေနဲ့သွား
တွေဖြစ်ပေါ်လာအောင် ကူညီသလို ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို ဟန်ချက်ညီမျှအောင်လုပ်ဆောင်ပေးပါ တယ်။ ကြီးထွားနေစဉ်နဲ့ လူကြီးဘဝတစ်လျှောက်လုံး အရိုးသန်မာ ရေးအတွက် ကယ်လ်စီယမ် လိုအပ်ပါ တယ်။

ဖော့စ်ဖရပ် ပါဝင်ခြင်း

တညင်းသီး ၁ဝဝ ဂရမ်မှာ ဖော့စ်ဖရပ် ၁၆၆ ဒသမ ၇ မီလီဂရမ်လိုအပ်ပါတယ်။ ဖော့စ်ဖရပ်ကအရိုးနဲ့ သွား
တွေဖြစ်ပေါ်ရေးအတွက် အရေးပါသလို စွမ်းအင်သိုလှောင်အသုံးပြုရေးအတွက်လည်း အသုံးဝင်ပါတယ်။


○ တညင်းသီး၏ ဆိုးကျိုးများ ○

အနံ့ဆိုးထွက်ရှိခြင်း

တညင်းသီးစားပြီးရင် အနံ့နံရတာက တညင်းသီးမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်ကြောင့် ဖြစ်ပါတယ်။ ဆာလ ဖာပါဝင်တဲ့ အမိုင်နိုအက်စစ်ဟာ အနံ့ဆိုးထွက်ရှိစေပါတယ်။ ဒါကြောင့် တညင်းသီးစားထားတဲ့အခါ ခံတွင်းနံ့ နံရသလို ဆီးသွားတဲ့အခါမှာလည်း အနံ့ဆိုးထွက်ရှိတတ်ပါတယ်။

ဆီးလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်း

တညင်းသီးမှာ ပါဝင်တဲ့ အက်စစ်ဟာ လူ့ခန္ဓာအတွက် ကောင်းကျိုး မပေးနိုင်ပါဘူး။ လူ့ခန္ဓာကိုယ်ကို အဟန့် အတား ဖြစ်စေတဲ့ အဆိပ်အတောက်တစ်မျိုးလို့တောင် တချို့က ဆိုပါတယ်။ တညင်းသီး အရွယ်အစားပေါ် မူတည်ပြီးအက်စစ်ပါဝင်မှုအတိုင်းအတာက ကွဲပြားနေပါတယ်။ တညင်းသီးမှာ ပါဝင်တဲ့ အက်စစ်ခရစ္စတယ်
တွေဟာ ဆီးလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပြီး ခရစ္စတယ်အမှုန်အမွှားတွေ ပိုမိုစုပုံလာတဲ့အခါပုံမှန် ဆီးသွား မှုကို အဟန့်အတား ဖြစ်လာစေနိုင်ပါတယ်။

နောက်ဆက်တွဲပြဿနာများ ဖြစ်စေနိုင်ခြင်း

တညင်းသီးစားလိုက်တဲ့အခါ ဆီးရဲ့အက်စစ်ပမာဏ ဒါမှမဟုတ် pH က အပြောင်းအလဲဖြစ်လာပါတယ်။ ဆီး ကအက်စစ်ဓာတ် ပိုများလေ ခရစ္စတယ်အမှုန်အမွှားဖြစ်ပေါ်နှုန်း ပိုမို မြန်ဆန်လေပဲ ဖြစ်ပါတယ်။ ဒါကြောင့် တညင်းသီးများများ စားရင် ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်လို့ ရှေးလူကြီးတွေက သတိပေးတာ ဖြစ် နိုင်ပါတယ်။

ကြယ်စင်

No comments:

Post a Comment