Thursday, December 26, 2013

တိုင်းကျိုးပြည်ဆောင် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များ










ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် ပြောင်းလဲလာသည်နှင့်အညီ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ အသစ်ပေးအပ်ချီးမြှင့်သည့် နည်းစနစ်များလည်း ပြောင်းလဲ၍ ချီးမြှင့်ပေးအပ်လာသည်ကို လေ့လာတွေ့ရှိနိုင်

သည်။ ထိုသို့ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ဆောင်ရွက်ခြင်း
သည် တိုင်းကျိုးပြည်ပြုလုပ်ငန်းစဉ် တစ်ရပ်လည်း ဖြစ်သည်။စံပြုထိုက်သော 
ပုဂ္ဂိုလ်တစ်ဦးတစ်ယာက်၏ ကြိုးပမ်း ဆောင်ရွက်ချက်အား နိုင်ငံတော်က အသိမှတ်ပြုခြင်းဖြင့် ယင်းပုဂ္ဂိုလ်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ
ဖြစ်သည့်အပြင် နိုင်ငံသူနိုင်ငံသား လူငယ်လူရွယ်များအတွက်လည်း 
စံနမူနာပြဖြစ်စေ၍ အတုယူအားကျ မြတ်နိုးလာစေမည်ဖြစ်သည်။ အစိုးရအမှုထမ်းများ နိုင်ငံသူနိုင်ငံသားများ၏ စွမ်းဆောင်မှုစိတ်ဓာတ်များ ကိုလည်း
မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ချီးမြှင့်အပ်နှင်းရန်သတ်မှတ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် တံဆိပ်များ

ဂုဏ်ထူးဆောင်ဘွဲ့များနှင့် တံဆိပ်များကို သုံးမျိုးခွဲခြား၍ ဂုဏ်ထူးဆောင်
ဘွဲ့၊ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းမည်ဖြစ်သည်။ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့များ၊ ဘွဲ့များ၊တံဆိပ်များ ဟူ၍ ဂုဏ်ထူးဆောင်ဘွဲ့ 
၁၆ မျိုးနှင့် ဂုဏ်ထူးဆောင်တံဆိပ် ၂⁠၂ မျိုးကို ချီးမြှင့် အပ်နှင်းမည်ဖြစ်သည်။

၁။ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့နှင့်အဆင့် သုဓမ္မသင်္ဂဟဘွဲ့များ
သုဓမ္မသင်္ဂဟဘွဲ့များတွင် အခြားဘွဲ့များထက်ထူးခြားချက်မှာ 
အဆောင်အယာင်တံဆိပ်အပြင် ရွှေစလွယ်များပါ ချီးမြှင့်အပ်နှင်းခြင်းဖြစ်
သည်။ ရွေစလွယ်မှာ ဂုဏ်ထူးဆောင်အထိမ်းအမှတ်အဖြစ် လက်ဝဲ ပခုံးစွန်းမှ လက်ယာနံပါးသို့ သွယ်ချဆင်မြန်းရသော အဆောင်အယာင်ဖြစ်သည်။
စလွယ်တင်ခြင်းသည် မြင့်မြတ်ခြင်း ၊ စင်ကြယ်ခြင်း၊ တင့်တယ်ခြင်း၊ 
ဘုန်းကံကြီးခြင်း ဟုသောအဓိပ္ပာယ်များကို ဖော်ဆောင်ပေ သည်။ 
နိုင်ငံတော်အကြီးအကဲအတွက် ဘွဲ့တံဆိပ်ဆိုင်ရာထူးခြားချက်

နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်အကြီးအကဲအဖြစ်ဖြင့် 
တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရာထူးအလျောက် သုဓမ္မသင်္ဂဟနှင့်
ပြည်ထောင်စုစည်သူသင်္ဂဟများ၏ အကြီးအမှူးဖြစ်သည့်အပြင် 
သုဓမ္မသင်္ဂဟတွင် ‘အဂ္ဂမဟာသီရိသုဓမ္မ’ ဖြစ်၍ ပြည်ထောင်စုစည်သူ
သင်္ဂဟတွင် အဂ္ဂမဟာသရေစည်သူ လည်းဖြစ်သည်။ ထို့အပြင်
နိုင်ငံတော်အကြီးအကဲသည် တာဝန်ပြီးဆုံးသည့်အခါတွင် သုဓမ္မသင်္ဂဟ
တွင် အဂ္ဂမဟာသီရိသုဓမ္မအဖြစ်လည်းကောင်း ၊ပြည်ထောင်စုစည်သူသင်္ဂဟတွင် အဂ္ဂမဟာသရေစည်သူ အဖြစ်လည်းကောင်း ဆက်လက်တည်မြဲ
ကြောင်း နိုင်ငံတော်အကြီးအကဲအတွက် ထူးခြားစွာ ပြဋ္ဌာန်းထား ရှိသည်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များမှာ အဂ္ဂမဟာသရေစည်သူဘွဲ့၊ 
သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊
စည်သူဘွဲ့ တို့ဖြစ်သည်။
၂။ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဘွဲ့များနှင့်အဆင့် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့များမှာ အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရိယဘွဲ့နှင့် 
သူရဘွဲ့တို့ ဖြစ်သည်။
၃။ စွမ်းဆောင်မှုဆိုင်ရာဘွဲ့များနှင့်အဆင့်

စွမ်းဆောင်မှုဆိုင်ရာဘွဲ့များမှာ သီရီပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ 
ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာ ကျော်စွာဘွဲ့၊ သိပံ္ပကျော်စွာဘွဲ့ စသည်တို့ဖြစ်
သည်။
သုဓမ္မသင်္ဂဟဘွဲ့များ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ၊ စွမ်းရည်
သတ္တိဆိုင်ရာဘွဲ့များနှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့များ စု⁠စုပေါင်း ၁၆ မျိုးသည် ဂုဏ်ထူးဆောင်ဘွဲ့ရ ပုဂ္ဂိုလ်များ၏ အမည်နှင့်တွဲ၍ သုံးစွဲခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
၎။ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဂုဏ်ထူးဆောင်
တံဆိပ်များနှင့်အဆင့်
စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များမှာ အောင်ဆန်း
တံဆိပ်၊ သီဟဗလတံဆိပ်၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်တို့ ဖြစ်သည်။
စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များမှာ မြန်မာနိုင်ငံ 
စစ်မှုထမ်းသင်္ဂဟတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ ပြည်သူ့သားကောင်း
တံဆိပ်၊ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်ပရန်နှိမ်တံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်တို့ဖြစ်သည်။
၅။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်းသတ္တိနှင့် စွမ်းဆောင်မှုဂုဏ်ထူး
ဆောင်တံဆိပ်

စွမ်းရည်းသတ္တိဆိုင်ရာတံဆိပ်များမှာ ရဲသီဟတံဆိပ်၊ ရဲသူရတံဆိပ်နှင့် ရဲဗလတံဆိပ်တို့ဖြစ်သည်။
စွမ်းဆောင်မှုဆိုင်ရာတံဆိပ်များမှာ ရဲသူရိန်တံဆိပ် ၊ရဲကျော်စွာတံဆိပ်၊ ရဲကျော်သူတံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ်နှင့်
မြန်မာနိုင်ငံရဲ ပူးတွဲတိုက်ပွဲဝင်တံဆိပ်တို့ဖြစ်သည်။
၆။ ပြည်သူ့ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များနှင့်အဆင့်

ပြည်သူ့ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များနှင့်အဆင့်မှာ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်နှင့်
ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်တို့ဖြစ်သည်။
ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခံရသူသည် သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိမည်ဖြစ်သည်။
မှတ်ချက်။ နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့တွင် ချီးမြှင့်လေ့ရှိသည့် 
ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဆိုင်ရာ ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်
မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၂)ပါ သန်းထွန်း(မော်လမြိုင်)၏ ဆောင်းပါးကို ရည်ညွှန်းကိုးကားဖော်ပြပါသည်။

No comments:

Post a Comment